“အီဒုလ်အသွဟာ” ကုရ်ဘာနီစွန့်လွှတ်လှူဒါန်းမှုအိးဒ်ပွဲတော်နေ့ အထိမ်းအမှတ် ပေးပို့သော သဝဏ်လွှာ

၂၀၂၄ ခုနစ်၊ ဇွန်လ (၁၇) ရက်
အစ္စလာမ်ဘာသာဝင်များ၏ နေ့ထူးနေ့မြတ်တစ်ရက်ဖြစ်သည် “အီဒုလ်အသွဟာ” ကုရ်ဘာနီ စွန့်လွှတ်လှူဒါန်းမှုအိးဒ်ပွဲတော်နေ့ အခါသမယတွင် မြန်မာနိုင်ငံသူ နိုင်ငံသား အစ္စလာမ် ဘာသာဝင်အပေါင်း ရွှင်လန်းချမ်းမြေ့ကြပါစေလို့ ဦးစွာ ဆုတောင်းမေတ္တာ ပို့သလိုက်ပါသည်။
အစ္စလာမ်ဘာသာဝင်များသည် နှစ်စဉ်နှစ်တိုင်း ဇွလ်ဟဂျ်လ ၁ဝ ရက်နေ့တွင် ကျရောက်သည့် ကုရ်ဘာနီစွန့်လွှတ်လှူဒါန်းမှုအိးဒ်ပွဲတော်နေ့တွင် အလ္လာဟ်အသျှင်အမြတ်ထံတော်ပါး ဝတ်ပြု ဆုတောင်းခြင်း၊ အလ္လာဟ်အသျှင်အမြတ်၏ အမိန့်ကို လိုက်နာခြင်းအားဖြင့် ကုရ်ဘာနီ စွန့်လွှတ် လှူဒါန်းမှု၊ ကောင်းမှုကုသိုလ်များ ပြုလုပ်ခြင်းနှင့်အတူ နွမ်းပါးသူများအား ပေးဝေလှူဒါန်းခြင်း ကောင်းမှုသီလများအား ပြုလုပ် ဆင်နွှဲကြကြောင်း သိရသည်။
ယခင့်ယခင်ကတည်းက “အီဒုလ်အသွဟာ” ကုရ်ဘာနီစွန့်လွှတ်လှူဒါန်းမှုအိးဒ်ပွဲတော်နေ့တွင် မြန်မာနိုင်ငံသူ နိုင်ငံသား အစ္စလာမ်ဘာသာဝင်များမှ ဟင်းလျာများ ချက်ပြုတ်ကာ ဘာသာလူမျိုး မတူသူများအား ဖိတ်ခေါ် ဧည့်ခံကျွေးမွေးသည့် အလွန်အပင် နှစ်လိုဖွယ်ကောင်းသော အစဉ်အလာ တစ်ရပ် ရှိခဲ့ပြီး၊ ယနေ့တိုင် ကုရ်ဘာနီနေ့တွင် နေရာအတော်များများတွင် အစ္စလာမ် ဘာသာဝင်များမှ ချက်ပြုတ်လှူဒါန်းမှုများ ရှိနေသည်။
သို့သော် ယခုအချိန်အခါသည် အမိမြန်မာနိုင်ငံအား အကြမ်းဖက်စစ်တပ်မှ အဓမ္မသိမ်းယူထားပြီး စစ်အာဏာရှင်တို့အလိုကျ လက်နက်အားကိုးဖြင့် ပြည်သူများအား နေ့စဉ်ရက်ဆက် အကြမ်းဖက် လျက်ရှိနေပြီး တနေ့တခြား ဆိုးရွားလာသည့် အခြေအနေများကို ပိုမို သတိကြီးစွာ ကာကွယ်ရမည် ဖြစ်သည်။ တဖန် အကြမ်းဖက်ရန်လိုနေသည့် စစ်တပ်အား မြန်မာနိုင်ငံသူ နိုင်ငံသား ပြည်သူ တစ်ရပ်လုံးက နည်းမျိုးစုံဖြင့် တော်လှန်တိုက်ပွဲလျက်ရှိနေပြီး ပြည်သူ့အင်အားဖြင့် ဆောင်ရွက် နေသည့် တော်လှန်ရေးမှာ အားရစရာအခြေအနေတစ်ရပ်သို့ ရောက်ရှိနေပြီးဖြစ်သည်။
မြန်မာနိုင်ငံသူ နိုင်ငံသား အစ္စလာမ်ဘာသာဝင်အပေါင်းတို့မှာလည်း ကျရာကဏ္ဍကနေ အမိမြန်မာ နိုင်ငံတော်ကြီးအား ဖယ်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးကဏ္ဍတွင် ပါဝင် နေကြောင်း သိရှိရ၍ ဝမ်းမြောက်ဝမ်းသာ ဂုဏ်ယူရပါကြောင်း ပြောကြားလိုပါသည်။
ဆက်လက်ပြီး စစ်အာဏာရှင်စနစ် အပြီးတိုင် ဖျက်သိမ်းရေးနှင့် လူမျိုးပေါင်းစုံ ဘာသာပေါင်းစုံ ခွင့်တူညီမျှသည့် ဖယ်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးကို ပြည်သူတစ်ရပ်လုံးနှင့် အတူ လက်တွဲကာ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးလိုပါသည်။
“အီဒုလ်အသွဟာ” ကုရ်ဘာနီစွန့်လွှတ်လှူဒါန်းမှုအိးဒ်ပွဲတော်နေ့တွင် အစ္စလာမ်ဘာသာဝင်အပေါင်း ကိုယ်ကျန်းမာ၊ စိတ်ချမ်းသာကြပါစေကြောင်းနှင့် ဘေးအန္တရာယ်အပေါင်းမှ ကင်းဝေကြ ပါစေကြောင်း အမျိုးသားညီညွတ်ရေးအဖွဲ့မှ ဆုတောင်းမေတ္တာပို့သရင်း ဤသဝဏ်လွှာအား ပေးပို့အပ်သည်။
အမျိုးသားညီညွတ်ရေးအစိုးရ
Scroll to Top