ကြားကာလ ဖက်ဒရယ်ပညာရေးကောင်စီ (Interim Federal Education Council- iFEC) ဖွဲ့စည်းပေါ်ပေါက်လာရေးအတွက် တိုင်းရင်းသား ညီနောင်မောင်နှမ နိုင်ငံရေးအင်အားစုများနှင့် ပညာရေးဆိုင်ရာအဖွဲ့အစည်းများအားလုံး အတူတကွ ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြပါရန် တိုက်တွန်းနှိုးဆော်လွှာ

၂၀၂၄ ခုနှစ် ဇွန်လ ၁၄ ရက်
၁။ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု နိုင်ငံတည်ဆောက်ရန် ပြည်သူလူထု၏ မျှော်မှန်းချက်များနှင့်အတူ ဖက်ဒရယ်ပညာရေးစနစ်တစ်ရပ်ကို ပျိုးထောင်ရန် လိုအပ်လာပါသည်။ တိုင်းရင်းသားအားလုံး တန်းတူညီမျှစွာ အခွင့်အရေးရရှိစေရန် ဖက်ဒရယ် ပြည်ထောင်စုစနစ်ကို စုစည်းညီညွတ်စွာဖြင့် စနစ်ပြောင်းတော်လှန်ရေး ကြိုးပမ်းနေသော အချိန်အခါ ဖြစ်ပါသည်။
၂။ ဖက်ဒရယ်ဒီမိုကရေစီ ပညာရေးစနစ်သစ် တည်ဆောက်ရာ၌ တစ်ဦးတစ်ယောက်၊ တစ်ဖွဲ့အပေါ်တွင် မူတည်မှုမရှိစေပဲ တိုင်းရင်းသားညီနောင်မောင်နှမ အဖွဲ့အစည်းများအားလုံး အချင်းချင်း လက်တွဲပူးပေါင်း ဆောင်ရွက်ကြရမည်ဖြစ်ပါသည်။ ဖက်ဒရယ်ဒီမိုကရေစီ ပညာရေးမူဝါဒများကို ထိရောက်စွာ အကောင်အထည်ဖော်ရန်လည်း အရေးကြီးပါသည်။
၃။ ယခု စတင်ဖွဲ့စည်းမည့် ကြားကာလ ဖက်ဒရယ်ပညာရေးကောင်စီသည် ဖက်ဒရယ်ယူနစ်များ၏ ကိုယ်ပိုင်ပညာရေး စီမံခန့်ခွဲပိုင်ခွင့်ကို လွတ်လပ်စွာ ကျင့်သုံးခွင့်နှင့် အချင်းချင်း အပြန်အလှန် လေးစား အသိအမှတ်ပြုမှုတို့ဖြင့် ဆောင်ရွက်သွားနိုင်ကြရန် မျှော်ရည်ပါသည်။ နိုင်ငံရေးအရ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့်နှင့်အတူ ပညာရေးတွင် ကိုယ်ပိုင်ပြဌာန်းဆောင်ရွက်ခွင့် အပြည့်အဝရရှိရန် လိုအပ်ပါသည်။ ထို့အတူ ဖက်ဒရယ်ပြည်ထောင်စု နိုင်ငံအတွင်းရှိ ပညာရေးစနစ်များ ဆက်စပ်ထားရှိပြီး ပူးပေါင်းဆောင်ရွက် ကြရပါမည်။
၄။ သို့ဖြစ်ပါ၍ တိုင်းရင်းသားညီနောင်မောင်နှမ နိုင်ငံရေး အင်အားစုများနှင့် ပညာရေး အဖွဲ့အစည်းများ အားလုံးက ကြားကာလ ဖက်ဒရယ်ပညာရေးကောင်စီ ပေါ်ပေါက်လာစေရေးအတွက် ကြိုးစားဆောင်ရွက် ပေးကြပါရန်နှင့် ညီညာဖျဖျ အတူတကွ ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြပါရန် အလေးအနက် တိုက်တွန်း နှိုးဆော်အပ်ပါသည်။
ဒူဝါလရှီးလ
နိုင်ငံတော်ယာယီသမ္မတ
အမျိုးသားညီညွတ်ရေးအစိုးရ
Scroll to Top