ဖေဖော်ဝါရီ ၁၉၊ ၂၀၂၄
အမိန့်ကြော်ငြာစာ အမှတ် ၁ /၂၀၂၄
၁၃၈၅ ခုနှစ်၊ ပြာသိုလဆုတ် ၄ ရက်
၁။ အမျိုးသားညီညွတ်ရေးအစိုးရ ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန သည် ၂၄-၁၂-၂၀၂၃ ရက်စွဲပါအမိန့်ကြော်ငြာစာအမှတ် ၁/၂၀၂၃ အား ထုတ်ပြန်၍ အကြမ်းဖက်စစ်ကောင်စီ ၏ လူ့အခွင့်အရေးချိုးဖောက်မှုများ၊ စစ်ရာဇဝတ်မှုကျူးလွန်မှုများ၊ လူမျိုးတုံး သတ်ဖြတ်မှုများ၊ လူသားမျိုးနွယ်အပေါ်ကျူးလွန်သော ရာဇဝတ်မှုများအား ငွေကြေးထောက်ပံ့ကူညီခြင်းနှင့် ပူးပေါင်း ပါဝင် ဆောင်ရွက်ခြင်း၊ အလုပ်သမား အခွင့်အရေး ချိုးဖောက်မှုများအား စစ်ကောင်စီနှင့် ပူးပေါင်း၍ တိုက်ရိုက်ကျူးလွန်ခြင်း စသည့် နည်းလမ်းအမျိုးမျိုးဖြင့် အကျိုးပြုနေသည့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (Federation of Chambers of Commerce and Industry, the Republic of the Union of Myanmar) အား ဖွဲ့စည်းပုံနှင့်တကွ ဖျက်သိမ်းခဲ့ပြီး ဖြစ်ပါသည်။
၂။ ဤအမိန့်ထုတ်ပြန်ပြီးနောက် အဆိုပါအဖွဲ့အစည်းတွင်ဆက်လက်ပါဝင်လုပ်ကိုင်ခြင်း၊ပူးပေါင်း လုပ်ဆောင်ခြင်း၊ ပိုင်ဆိုင်မှုနှင့်ဘဏ္ဍာငွေများကို ဆက်လက်သုံးစွဲခြင်း၊ ယင်းအဖွဲ့အစည်း၏ အမည် ဖြင့် ဆက်လက်ဆောင်ရွက်ခြင်းပြုလုပ်သောလုပ်ငန်းရှင်များ၊ ဝန်ထမ်းများ စသူတို့အား အကြမ်းဖက် စစ်ကောင်စီအပေါ် ထောက်ပံ့ကူညီနေသူများအဖြစ် တည်ဆဲအကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ၊ နည်းဥပဒေများနှင့်အညီ အရေးယူသွားမည် ဖြစ်ကြောင်း ကြေညာပြီးလည်း ဖြစ်သည်။
၃။ သို့ဖြစ်ရာ ဤအမိန့်ကို လိုက်နာခြင်းမရှိဘဲ အသင်းချုပ်၏ ဗဟိုအလုပ်အမှုဆောင်များအဖြစ် ဆက်လက်ပါဝင်တာဝန်ယူဆောင်ရွက်နေသော ဖော်ပြပါလုပ်ငန်းရှင်များကို အမည်ပျက် လုပ်ငန်းရှင် စာရင်းတွင် ထည့်သွင်းလိုက်သည်။ ဆက်လက် ပါဝင်လုပ်ကိုင်နေပါက သက်ဆိုင်ရာ ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူသွားမည် ဖြစ်သည်။
၄။ ဖော်ပြပါစာရင်းတွင် မပါဝင်သေးသော ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်၏ အလုပ်အမှုဆောင်များသည်လည်း ဆက်လက်ပါဝင် တာဝန်ယူဆောင်ရွက်နေပါက ထည့်သွင်းအရေးယူသွားမည် ဖြစ်သည်။
၅။ ဖော်ပြပါစာရင်းတွင် ပါဝင်သော လုပ်ငန်းရှင်တဦးချင်းအနေဖြင့် အကြမ်းဖက်စစ်ကောင်စီနှင့် အကျိုးစီးပွား ပတ်သက်မှုမရှိကြောင်းနှင့် အကြမ်းဖက်စစ်ကောင်စီအား အထောက်အပံ့ဖြစ်စေမည့် ဆက်နွယ်ပတ်သက်မှုများ ပြုလုပ်ခြင်း မရှိတော့ပါကြောင်း ခံဝန်ချက်ဖြင့် အမျိုးသားညီညွတ်ရေး အစိုးရထံ ရက် ၉၀ အတွင်း အယူခံလွှာ တင်သွင်းနိုင်သည်။
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ
