အမည်ပျက်စာရင်းကြေညာခြင်း

ဖေဖော်ဝါရီ ၂၀၊ ၂၀၂၄

ထုတ်ပြန်ကြေညာချက် (၁/၂၀၂၄)

၁။ အမျိုးသားညီညွတ်ရေးအစိုးရ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန သည် ၂၃-၈-၂၀၂၂ ရက်စွဲပါ မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်းနှင့် ပတ်သက်သည့် ကြေညာချက်အမှတ် ၇/၂၀၂၂ ကို ထုတ်ပြန်၍ အကြမ်းဖက်အာဏာသိမ်း စစ်ကောင်စီကို အထောက်အပံ့ ဖြစ်စေမည့် မည်သည့်ပူးပေါင်းမှုကိုမှ အသင်းအနေဖြင့် ဆောင်ရွက်ခြင်း လုံးဝမပြုလုပ်ရန်နှင့် အသင်း၏ တရားဝင်မှု မရှိသော ၂၀၂၂-၂၀၂၅ ဆဋ္ဌမသက်တမ်းအတွက် အလုပ်အမှုဆောင်နှင့် ဗဟိုအလုပ်အမှုဆောင် အဖွဲ့များ ပြန်လည်ရွေးချယ်ပွဲအား အသိအမှတ် မပြုပါကြောင်း အသိပေးထုတ်ပြန်ပြီးဖြစ်သည်။ ၂။ အမျိုးသားညီညွတ်ရေးအစိုးရ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန သည် ၁၇-၉-၂၀၂၃ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် ၂/၂၀၂၃ ထုတ်ပြန်၍ အကြမ်းဖက်စစ်ကောင်စီ၏ တရားဝင်မှုနှင့် အခွန် သို့မဟုတ် အကျိုးအမြတ် စသည်တို့အပေါ် တနည်းတလမ်းအားဖြင့် အကျိုးပြုနေသည့် မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်း (Myanmar Gems and Jewellery Entrepreneurs Association) နှင့်တကွ လက်အောက်ခံ အသင်းခွဲများအား ဖွဲ့စည်းပုံနှင့်တကွ ဖျက်သိမ်းခဲ့ပြီး ဖြစ်သည်။ ၃။ ဤအမိန့် ထုတ်ပြန်ပြီးနောက် အဆိုပါအသင်းနှင့် လက်အောက်ခံအသင်းခွဲများတွင် ဆက်လက် ပါဝင်လုပ်ကိုင်နေခြင်း၊ ပူး‌ပေါင်းလုပ်ကိုင်နေခြင်း၊ ပိုင်ဆိုင်မှုနှင့် ဘဏ္ဍာငွေများကို ဆက်လက်သုံးစွဲနေ ခြင်း၊ အသင်း၏ အမည်ဖြင့် ဆက်လက်ဆောင်ရွက်ခြင်း ပြုလုပ်နေသော လုပ်ငန်းရှင်များ၊ ဝန်ထမ်းများ စသူတို့အား အကြမ်းဖက်စစ်ကောင်စီအပေါ် ထောက်ပံ့ကူညီနေသူများအဖြစ် တည်ဆဲဥပဒေ၊ နည်းဥပဒေများနှင့်အညီ အရေးယူသွားမည်ဖြစ်ကြောင်း ကြေညာခဲ့ပြီး ဖြစ်သည်။ ၄။ ဤကြေညာချက်နှင့် အမိန့်များကို လိုက်နာခြင်းမရှိဘဲ အဆိုပါအသင်းအဖွဲ့များတွင် ပါဝင် ဆောင်ရွက်ခဲ့သော၊ ဆက်လက်ပါဝင်လုပ်ကိုင်နေသော ပူးတွဲစာရင်းပါ လုပ်ငန်းရှင်များ၊ ပုဂ္ဂိုလ်များကို အမည်ပျက်လုပ်ငန်းရှင်များအဖြစ် သတ်မှတ်ကြေညာလိုက်သည်။ ဆက်လက် ပါဝင်လုပ်ကိုင်နေသူများရှိပါက သက်ဆိုင်ရာဥပဒေများအရ ဆက်လက်အရေးယူသွားမည် ဖြစ်သည်။ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန အမျိုးသားညီညွတ်ရေးအစိုးရ

Scroll to Top