(၇၇) နှစ်မြောက် ပင်လုံစာချုပ် ချုပ်ဆိုခြင်းအခမ်းအနားသို့ ပေးပို့သော အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ၏ သဝဏ်လွှာ

ဖေဖော်ဝါရီ ၂၀၊ ၂၀၂၄

၁။ ဗြိတိသျှကိုလိုနီလက်အောက်ခံ နယ်မြေလေးခု ပေါင်းစည်းလျက် နိုင်ငံသစ်တခု ထူထောင်နိုင်ရန် ၁၉၄၇ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၂) ရက်နေ့တွင် ရှမ်းပြည်နယ် ပင်လုံမြို့၌ ချုပ်ဆိုခဲ့သော ပင်လုံစာချုပ် သည် ယနေ့ အချိန်အခါတွင် (၇၇)နှစ် ပြည့်မြောက်ခဲ့ပြီဖြစ်သည်။ ယင်းစာချုပ်ပါ သဘောတူညီချက် များနှင့်အညီ ပြည်ထောင်စုမြန်မာနိုင်ငံတော်အဖြစ် လွတ်လပ်ရေး ရယူနိုင်ခဲ့ကြသည်။

၂။ သို့သော် ပင်လုံစာချုပ်ပါ ကတိကဝတ်များနှင့် ပင်လုံမျှော်ရည်ချက်များကို ဖော်ဆောင်နိုင်သည့် နိုင်ငံသစ်တခုမှာမူ ခေတ်အဆက်ဆက်စစ်အာဏာရှင်များ၏ နှောင့်ယှက်ဖျက်စီးမှုများ အပါအဝင် နိုင်ငံရေး ပြဿနာ၊ ပြည်တွင်းစစ်ပြဿနာများကြောင့် ယနေ့ထိတိုင် ဖြစ်ပေါ်မလာသေးပေ။

၃။ လက်ရှိကာလတွင်လည်း မင်းအောင်လှိုင်ဦးဆောင်သော အကြမ်းဖက်စစ်အုပ်စုသည် ပင်လုံကတိ ကဝတ်များကို ပြောင်ပြောင်တင်းတင်းချိုးဖောက်လျက်ရှိသကဲ့သို့ တိုင်းရင်းသားပြည်သူတို့၏ တန်းတူ ညီမျှရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တို့ကိုမျက်ကွယ်ပြုလျက် လူအခွင့်အရေးဆိတ်သုဉ်းသော စစ်အာဏာ အခြေပြုနိုင်ငံတစ်နိုင်ငံထူထောင်နိုင်ရန်ကြိုးစားလျက်ရှိသည်။

၄။ အကြမ်းဖက်စစ်အုပ်စုသည် ယင်းတို့အာဏာတည်မြဲရေးအတွက် စာသင်ကျောင်းများ၊ ဆေးရုံ များနှင့် ဘာသာရေး အဆောက်အဦးများပါမချန် အကြမ်းဖက်တိုက်ခိုက်မှုများစွာကိုလည်း ကျူးလွန် လျက်ရှိသည်။

၅။ ယင်းအခြေအနေတွင် ပြည်သူလူထုတစ်ရပ်လုံးအနေဖြင့် ရရာနည်းလမ်းဖြင့် တခဲနက် ဆန့်ကျင် လျက် ပင်လုံစာချုပ်ပါ ကတိကဝတ်များ မျော်ရည်ချက်များနှင့်ညီညွတ်သော ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံသစ်တရပ်ကို တည်ထောင်နိုင်ရန် နွေဦးတော်လှန်ရေးကြီးတရပ်ကို ဆင်နွှဲလျက်ရှိသည်။

၆။ ထိုကြောင့် မိမိတို့ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီအပါအဝင် စစ်အာဏာရှင်ကို ဆန့်ကျင်နေကြသော တော်လှန်ရေးအဖွဲ့အစည်းများ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ စုပေါင်းလျက် ပြည်သူလူထုတရပ်လုံး၏ လိုလားချက်ဖြစ်သော ပင်လုံစာချုပ်၏အနှစ်သာရ တန်းတူ ညီမျှရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တို့ကို အာမခံနိုင်သည့်ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံသစ်တရပ် ထူထောင်နိုင်ရန်အတွက် စစ်အာဏာရှင်စနစ်အပါအဝင် အာဏာရှင်စနစ်မှန်သမျှအဆုံးသတ်ရေး အကောင် အထည်ဖော် ကြိုးပမ်းကြရမည် ဖြစ်ကြောင်း ပင်လုံစာချုပ် ချုပ်ဆိုခြင်း (၇၇) နှစ်မြောက် အထိမ်း အမှတ်အဖြစ် တိုက်တွန်းသဝဏ်လွှာပေးပို့အပ်ပါသည်။

တော်လှန်ရေးသစ္စာဖြင့်

အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC)

Scroll to Top