( ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ (၁၂) ရက် )
ယနေ့ ၂၀၂၅ ခုနှစ်၊ သြဂုတ်လ (၁၂) ရက်နေ့သည် ကရင်အမျိုးသားအစည်းအရုံး (ကေအဲန်ယူ) ဥက္ကဋ္ဌ စောဘဦးကြီး၊ ဗိုလ်ချုပ်စောစိုင်းကေနှင့် ကရင်တိုင်းရင်းသားရဲဘော်ရဲဘက်များ ကျဆုံးခဲ့သည့် (၇၅) နှစ်မြောက် ကရင်အာဇာနည်နေ့ အောက်မေ့ဖွယ်အထိမ်းအမှတ်နေ့ ဖြစ်ပါသည်။ ကရင်အာဇာနည်နေ့သည် ကရင်လူမျိုးတို့၏ အမျိုးသားရေးသမိုင်း၊ တော်လှန်ရေး သမိုင်းတွင် မေ့ပျောက် ပစ်ပယ်၍ မရပါသော ဝမ်းနည်းကြေကွဲအောက်မေ့ဖွယ် နေ့ရက်လည်း ဖြစ်ခဲ့ပါသည်။
ကရင်အမျိုးသားခေါင်းဆောင်ကြီး စောဘဦးကြီးနှင့် ဗိုလ်ချုပ်စောစိုင်းကေတို့သည် ၁၉၅၀ ခုနှစ်၊ သြဂုတ်လ (၁၂) ရက်နေ့ တွင် ကော့ကရိတ်မြို့နယ်၊ ထိုကော်ကိုးကျေးရွာ၌ အကြမ်းဖက်စစ်အာ ဏာရှင်နှင့် အပေါင်းအပါများအား ရွပ်ရွပ်ချွံချွံ ခုခံတိုက်ခိုက်ရင်း ကျဆုံးခဲ့ရပါသည်။ ထိုဝမ်းနည်းဖွယ် ဖြစ်ရပ်သည် ကရင်အမျိုးသားတို့အတွက် တော်လှန်ရေးသမိုင်းတွင် ကြီးမားသော ဆုံးရှုံးမှုကြီး ဖြစ်ပြီး သြဂုတ်လ (၁၂) ရက်နေ့ရောက်တိုင်း အလေးအမြတ်ထား၍ ကရင့်အာဇာနည်နေ့ အထိမ်းအမှတ်နေ့အဖြစ် သတ်မှတ်၍ ကျင်းပလာခဲ့ကြရာ (၇၅) နှစ်မြောက်ခဲ့ပြီဖြစ်ပါသည်။
လွန်လေပြီးသော နှစ်ပေါင်း (၇၀) ကျော်မှစ၍ မျက်မှောက်ခေတ် နွေဦးတော်လှန်ရေးအထိ ကရင်အမျိုးသားခေါင်းဆောင်ကြီး တစ်ဦးဖြစ်သော ဥက္ကဋ္ဌစောဘဦးကြီးက ချမှတ်ခဲ့သည့် လမ်းညွှန် မူ (၄) ချက်ကို မဆုတ်မနစ် ကိုင်စွဲပြီး ကရင်အမျိုးသားတော်လှန်ရေးအတွက်သာမက မြန်မာနိုင်ငံ တွင် စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေး အတွက် စွန့်လွှတ်အနစ်ခံပြီး ဦးဆောင် တိုက်ပွဲဝင်လျက်ရှိသည့် KNU/KNLA အတွက် များစွာ လေးစားဂုဏ်ယူပါသည်။
ယနေ့နွေဦးတော်လှန်ရေး လေးနှစ်ကျော်ကာလ အချိန်အခါသည် စစ်အာဏာရှင်စနစ် အဆုံးသတ်စေရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရရှိရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုသစ်ကြီး တည်ဆောက်ရေးတို့အတွက် မြန်မာပြည်တစ်ဝှမ်းတွင် စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းရန် အတူတကွ တွန်းလှန် တိုက်ပွဲဝင်နေသည့် ကာလဖြစ်သည်နှင့်အညီ မဟာမိတ် ကရင်တိုင်းရင်းသား တော်လှန်ရေးတပ်ဖွဲ့များ၊ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့၏ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) နှင့် အခြားတိုင်းရင်းသား တော်လှန်ရေးတပ်ဖွဲ့ဝင်များအားလုံး အတူလက်တွဲ စုစည်းညီညာ စွာ ဉာဏ်မြေကတုတ်ဖြင့် ကြံ့ကြံ့ခံစွာ အစွမ်းကုန် ဆက်လက်ကြိုးစားအားထုတ်ပါက မဝေးတော့ သော အနာဂတ်တွင် တော်လှန်ရေးဘုံရည်မှန်းချက်များ အောင်မြင်စေဖို့ လက်တစ်ကမ်းအကွာတွင် ရောက်ရှိလာနေပြီလည်း ဖြစ်ပါသည်။
(၇၅) နှစ်တိုင်တိုင် ရှိခဲ့ပြီဖြစ်သည့် ကရင်အာဇာနည်နေ့ အထိမ်းအမှတ်နေ့တွင် ဒီမိုကရေစီ ရရှိရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးတို့အတွက် ခေတ်အဆက်ဆက် အသက်၊ သွေး၊ ချွေး စွန့်လွှတ်ပေးဆပ်ကြသော ကရင်အာဇာနည်ခေါင်းဆောင် ကြီးများ၊ ကရင်တိုင်းရင်းသားပြည်သူလူထုနှင့် ကရင်တော်လှန်ရေးရဲဘော်ရဲဘက်များ အားလုံးကို အမျိုးသားညီညွတ်ရေးအစိုးရက ဂါရဝပြုအပ်ပါတယ်။ ကရင်အာဇာနည်ကြီးများ၏ စွန့်လွှတ် အနစ် နာခံ ပေးဆပ်ခဲ့ပုံများကို ပြန်ပြောင်းအမှတ်ရစေသော (၇၅) နှစ်ပြည့်မြောက်ပြီဖြစ်သည့် ကရင့် အာဇာနည်နေ့တွင် ကရင်တိုင်းရင်းသားမျိုးနွယ်စုများအားလုံး စုစည်းညီညွတ်စွာဖြင့် ကရင်တော် လှန်ရေး ရည်မှန်းချက်များကို အောင်အောင်မြင်မြင်ဖြင့် ဖော်ဆောင်နိုင်ပါစေကြောင်း ဆုမွန်ကောင်း တောင်း၍ သဝဏ်လွှာပေးပို့အပ်ပါသည်။
အမျိုးသားညီညွတ်ရေးအစိုးရ