(၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၇ ရက်)
ယနေ့ ကျရောက်သော (၆၃) နှစ်မြောက် ဇူလိုင် ၇ ရက် ကျောင်းသားအရေးတော်ပုံနေ့တွင် မြန်မာ့ဒီမိုကရေစီရေးအတွက် အသက်၊ သွေး၊ ချွေးတို့ဖြင့် စွန့်လွှတ်ပေးဆပ်ခဲ့ကြသော ကျောင်းသား လူငယ် သူရဲကောင်းများအားလုံးကို အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် အလေးအနက်ထား ဦးညွှတ်ဂုဏ်ပြုအပ်ပါသည်။ ဤနေ့သည် စစ်အာဏာရှင်ဆန့်ကျင်ရေး သမိုင်းတွင် ထင်ရှားသော မှတ်တိုင်တစ်ခုဖြစ်ပြီး၊ မျိုးဆက်ပေါင်းများစွာ၏ တိုက်ပွဲဝင်စိတ်ဓာတ်ကို မီးမောင်းထိုးပြလျက် ရှိပါသည်။
၁၉၆၂ ခုနှစ်၊ မတ်လ (၂) ရက်နေ့တွင် အကြမ်းဖက်စစ်ခေါင်းဆောင် နေဝင်း ဦးဆောင်သော စစ်အုပ်စုသည် လူထုရွေးချယ်တင်မြှောက်ထားသည့် အစိုးရကို အင်အားသုံး၍ ဖြုတ်ချခဲ့ရုံမျှမက၊ တက္ကသိုလ်အက်ဥပဒေကို ဖျက်သိမ်းကာ ကျောင်းသားများ၏ လွတ်လပ်ခွင့်ကို ဖိနှိပ်ခဲ့ပါသည်။ ထို့အပြင် ရန်ကုန်တက္ကသိုလ်ဝင်းအတွင်းရှိ သမိုင်းဝင် ကျောင်းသားသမဂ္ဂအဆောက်အအုံကိုလည်း ရက်ရက်စက်စက် ဗုံးခွဲဖျက်ဆီးခဲ့သည်။ ဤလုပ်ဆောင်ချက်များသည် ကျောင်းသားလူငယ်တို့၏ ဒီမိုကရေစီလိုလားသော စိတ်ဓာတ်နှင့် လွတ်လပ်ခွင့်ကို ဖျက်ဆီးရန် ကြိုးပမ်းခြင်းဖြစ်သည်။ “သမဂ္ဂအဆောက်အအုံကိုသာ ဖြိုလို့ရမယ်။ အမောင်တို့ရင်ထဲက သမဂ္ဂစိတ်ဓာတ်ကိုတော့ ဘယ်သူမှ ဖြိုလို့မရပါဘူး” ဟူသည့် ဆရာကြီးသခင်ကိုယ်တော်မှိုင်း၏ အဆိုအမိန့်အတိုင်း ကျောင်းသား လူငယ်တို့၏ သမဂ္ဂစိတ်ဓာတ်သည် ကာလကြာမြင့်ခဲ့ပြီဖြစ်သော်လည်း ယနေ့တိုင် ရှင်သန်လျက်ရှိပြီး၊ ခေတ်အဆက်ဆက်တော်လှန်ရေးများအတွက် ခွန်အားသစ်များ ဖြည့်ဆည်း ပေးနေသည်ကို အထင်အရှား တွေ့မြင်နိုင်ပါသည်။
၂၀၂၁ ခုနှစ်တွင် ပေါ်ပေါက်ခဲ့သော ပြည်သူ့နွေဦးတော်လှန်ရေးတွင်လည်း အကြမ်းဖက်စစ် ခေါင်းဆောင်မင်းအောင်လှိုင်၏ စစ်အုပ်စုသည် လူထုရွေးကောက်တင်မြှောက်ထားသော အစိုးရထံမှ အာဏာကို အဓမ္မလုယူရန် ကြိုးပမ်းခဲ့သည်။ ဤကာလသည် ကျောင်းသား/သူများ၊ ရဟန်းရှင်လူ များနှင့် တိုင်းရင်းသားများအားလုံးကို လက်နက်ဖြင့် ခြိမ်းခြောက်ခြင်း၊ ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ထောင်တွင်းအကျဥ်းချခြင်း၊ အသက်အိုးအိမ်စည်းစိမ်များကို မီးရှို့ဖျက်ဆီး ခြင်းများဖြင့် ဖက်ဆစ်ဆန်ဆန် ဖိနှိပ်မှုများ အဆိုးဝါးဆုံးဖြစ်ပွားခဲ့သော သမိုင်းဝင်ကာလတစ်ခု ဖြစ်သည်။ မတရားမှုမှန်သမျှ ရှေ့ဆုံးက တွန်းလှန်ပါဝင်ခဲ့ကြသည့် ကျောင်းသားလူငယ်ထုသည် ယနေ့ တော်လှန်ရေးတွင်လည်း ပြည်သူလူထုနှင့် ပူးပေါင်းကာ ရှေ့တန်းမှ ဦးဆောင်ဦးရွက်ပြု၍ ရဲဝံ့စွာ တော်လှန်ခဲ့ကြပါသည်။ ဤမျိုးဆက်သစ် ကျောင်းသားလူငယ်များ၏ စုစည်းညီညွတ်မှု၊ ဆန်းသစ်တီထွင်နိုင်စွမ်းနှင့် တိုင်းရင်းသား မဟာမိတ်တော်လှန်ရေးအင်အားစုများနှင့် စည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက် နိုင်မှုတို့ကြောင့် ရက်စက်ကြမ်းကြုတ်သော ဖက်ဆစ်ဝါဒကို ပြန်လည် အသက်သွင်းရန် ကြိုးပမ်းနေသည့် စစ်အုပ်စု၏ ယန္တရားသည် တဖြည်းဖြည်း ယိုယွင်းပျက်စီးလာနေပြီဖြစ်ပြီး၊ အောင်ပွဲလမ်း ကြောင်းသို့ ချီတက်နေပြီဖြစ်ကြောင်း အလေးအနက်ယုံကြည်ပါသည်။
အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့်လည်း ခေတ်အဆက်ဆက် စစ်အာဏာရှင်စနစ်ကို တွန်းလှန်ရင်း အသက်ပေးဆပ်ခဲ့ကြသော ကျောင်းသားလူငယ်များ၏ ကြီးမားသည့် စွန့်လွှတ် အနစ်နာခံမှုများကို အစဉ်အမြဲ အောက်မေ့ဂုဏ်ယူလျက် ရှိပါသည်။ လက်ရှိဆင်နွှဲနေသော ပြည်သူ့ နွေဦးတော်လှန်ရေးကြီး အမြန်ဆုံး အောင်ပွဲရစေရန် နိုင်ငံတစ်ဝန်းရှိ မဟာမိတ်တိုင်းရင်းသား တော်လှန်ရေးတပ်ဖွဲ့များနှင့် ပိုမိုရင်းနှီးပွင့်လင်းစွာ ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး ပြည်သူ့နွေဦး တော်လှန်ရေးကြီး၏ အောင်ပွဲကို မလွဲမသွေ ဆွတ်ခူးနိုင်ရေးအတွက် အစွမ်းကုန် ဆက်လက် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ဤသဝဏ်လွှာဖြင့် သန္နိဋ္ဌာန်ပြုအပ်ပါသည်။
အမျိုးသားညီညွတ်ရေးအစိုးရ