ဒီပဲယင်း၊ မေ ၂၁
စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ အိုးတိန်တွင်းကျေးရွာ စာသင်ကျောင်းကို (၁၂.၅.၂၀၂၅) ရက်နေ့၊ နံနက် ၉း၃၅ အချိန်ခန့်တွင် အကြမ်းဖက်စစ်တပ်က လေကြောင်းမှဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် ဆရာမ (၂) ဦးနှင့် ကျောင်းသား/သူ (၂၂)ဦး သေဆုံးခဲ့ရပြီး ထိခိုက်ဒဏ်ရာရရှိသည့် ကျောင်းသား၊ ကျောင်းသူနှင့် ဆရာ၊ ဆရာမ စုစုပေါင်း (၁၀၅) ဦးခန့်ရှိခဲ့ပါသည်။ မည်ကဲ့သို့သော စစ်မက်ဖြစ်ပွားစေကာမူ စာသင်ကျောင်းများနှင့် ကလေးသူငယ်များသည် အကြမ်းဖက်တိုက်ခိုက်ရန် ပစ်မှတ် အလျှင်း မဟုတ်သော်လည်း ဆင်ခြင်ဉာဏ်ကင်းမဲ့သည့် အကြမ်းဖက်စစ်တပ်နှင့် ၎င်း၏လက်ပါးစေများကြောင့် အပြစ်မဲ့ကလေးငယ်များနှင့် ရွာသူရွာသားများမှာ အတိုင်းအဆမဲ့ ထိခိုက်ခံစားကြရသည်။
ယင်းဖြစ်စဉ်အတွက် တရားမျှတမှု ပြန်လည်ရရှိစေရေး အလို့ငှာ မှတ်တမ်းအထောက်အထားများ ရယူစုစည်းခြင်းများကို ဆောင်ရွက်လျက်ရှိသကဲ့သို့ တဘက်တွင်လည်း ကျူးလွန်ခံရသည့် မိသားစုများနှင့် အရွယ်မရောက်သေးသည့်ကလေးငယ်များကို နှစ်သိမ့်ဆွေးနွေးခြင်းနှင့် စိတ်ခွန်အားပေးခြင်းကို ဒီပဲယင်း မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများနှင့် ပူးပေါင်းလုပ်ဆောင်ပေးခဲ့ပါသည်။
အဆိုပါ နှစ်သိမ့်ဆွေးနွေးပွဲသို့ လူသားချင်း စာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့်တာဝန်ရှိသူများ၊ ကလေးစိတ်ပညာဆိုင်ရာ ကျွမ်းကျင်ဆရာဝန်များနှင့် ပညာရှင်များက ပါဝင်တက်ရောက်ခဲ့ကြပြီး ထိခိုက်ခံစားရသည့် မိသားစုဝင်များ၊ ကလေးသူငယ်များနှင့် ဆရာ/မများကို နှစ်သိမ့်ဆွေးနွေးခြင်း၊ စိတ်ခွန်အားပေးခြင်းနှင့် စိတ်ဖိစီးမှုများနှင့်ထိတ်လန့်ကြောက်ရွံ့မှုများလျော့ပါးစေရန် ပြုလုပ်ရမည့်နည်းလမ်းများကို မျှဝေပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြပါသည်။
ထို့အပြင် လေကြောင်းကဗုံးကြဲတိုက်ခိုက်မှုကြောင့်သေဆုံး၊ ဒဏ်ရာရသူများအတွက် လူသားစာနာဝန်ကြီးဌာနက ထောက်ပံ့ငွေကျပ် (၁၁၁) သိန်း၊ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့များနှင့်စေတနာရှင်များကလှူဒါန်းငွေကျပ် (၂၃၅) သိန်း၊ စုစုပေါင်း ငွေကျပ် (၃၄၆) သိန်းကို ထိခိုက်ခံစားရသည့် မိသားစုဝင်များအား မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်များက ကိုယ်တိုင်ကိုယ်ကျ ထောက်ပံ့ပေးခဲ့ပါသည်။
