၂၀၂၅ ခုနှစ်၊ ဧပြီလ (၁၀) ရက်
ယနေ့ ကျရောက်သော (၂၅) နှစ်မြောက် ကယန်းအမျိုးသားနေ့ အခါသမယတွင် ပြည်တွင်း၊ ပြည်ပရှိ ကယန်းတိုင်းရင်းသားများအားလုံး မင်္ဂလာအပေါင်းနှင့်ပြည့်စုံပြီး ဘေးဒုက္ခအန္တရာယ်များမှ ကင်းစင်ကြပါစေကြောင်း ပဏာမဆုမွန်ကောင်းတောင်းအပ်ပါသည်။
ကယန်းအမျိုးသားများသည် မြန်မာ့သမိုင်းတွင် ကိုယ်ပိုင်ယဉ်ကျေးမှု၊ ဘာသာစကားနှင့် ရိုးရာဓလေ့ထုံးတမ်းများကို တန်ဖိုးထားထိန်းသိမ်းလာခဲ့သော သမိုင်းအစဉ်အလာကြီးမားသည့် တိုင်းရင်းသားများ ဖြစ်ကြပါသည်။ ၂၀၀၀ ပြည့်နှစ်၊ ဧပြီလ (၁၀) ရက်နေ့တွင် ပြုလုပ်ခဲ့ကြသော ကယန်းအမျိုးသားတို့၏ ပထမဆုံးညီလာခံမှ ကယန်းအမျိုးသားနေ့ကို စတင်သတ်မှတ်၍ ကျင်းပခဲ့ရာ ယနေ့ သည် (၂၅) နှစ်ပြည့်မြောက်ခဲ့ပြီ ဖြစ်ပါသည်။ ခေတ်အဆက်ဆက် အမျိုးသားရေးစိတ်ဓာတ်ကို မြဲမြံစွာစွဲကိုင်ပြီး တိုင်းပြည်တည်ဆောက်ရေးတွင် တက်ကြွစွာပါဝင်ခဲ့ ကြသည်ကို အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် အသိအမှတ်ပြု ဂုဏ်ယူဝမ်းမြောက်ကြောင်း မှတ်တမ်းတင်အပ်ပါသည်။
ယခုကာလသည် မြန်မာနိုင်ငံအနေဖြင့် လူလုပ်ဘေးအန္တရာယ်၊ သဘာဝဘေးအန္တရာယ်များ ရင်ဆိုင်နေရသည့် စိတ်မချမ်းမြေ့ဖွယ် အချိန်ကာလဖြစ်ပါသည်။ နိုင်ငံတော်အာဏာကို မတရားလု ယူရန် စဥ်ဆက်မပြတ် ကြိုးစားနေသော အကြမ်းဖက်စစ်အုပ်စု၏ ရက်စက်ယုတ်မာမှုများကြောင့် များစွာသော အကျပ်အတည်းနှင့် ဖိနှိပ်မှုများကို ဆက်လက်ခံစားနေရဆဲ ဖြစ်ပါသည်။စစ်အာဏာ ရှင်များ၏ အကြမ်းဖက်ဖိနှိပ်မှုများကို နှစ်ပေါင်းများစွာ ပြင်းပြင်းထန်ထန် ခံစားခဲ့ရသော်လည်း အမျိုးသားလွတ်မြောက်ရေးနှင့် တန်းတူညီမျှရေးတို့အတွက် မြန်မာတစ်နိုင်ငံလုံးရှိ ပြည်သူများနှင့် အတူ ယနေ့ပြည်သူ့နွေဦးတော်လှန်ရေး၌ စုစည်းတိုက်ပွဲဝင်လျက် ရှိသည့်အတွက် အမျိုးသားညီ ညွတ်ရေးအစိုးရအနေဖြင့် ကယန်းအမျိုးသားများအား လေးနက်စွာအသိအမှတ်ပြု ဖော်ပြအပ် ပါသည်။
ယနေ့(၂၅)နှစ်ပြည့် ကယန်းအမျိုးသားနေ့အခါသမယမှသည် ကယန်းအမျိုးသားများအားလုံး စိတ်ဓာတ်ခိုင်မာစွာဖြင့် လက်ရှိအခက်အခဲများကို ကျော်လွှားနိုင်ပြီး၊ ရည်မှန်းထားသည့် လွတ်လပ်မှု၊ တရားမျှတမှုနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အဝရရှိသော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို တိုင်းရင်းသားအားလုံးနှင့် အတူတကွတည်ဆောက်နိုင်ကြပါစေကြောင်း မျှော်ရည်မှန်းလျက် ဤသဝဏ်လွှာအား ပေးပို့အပ်ပါသည်။
အမျိုးသားညီညွတ်ရေးအစိုးရ