၂၀၂၅ ခုနှစ်၊ ဇူလိုင်လ (၁၉) ရက်
ယနေ့ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ (၁၉) ရက်နေ့တွင် ကျရောက်သည့် (၇၈) နှစ်မြောက် အာဇာနည်နေ့တွင် မြန်မာပြည်သူပြည်သားများ၏ လွတ်လပ်ရေးနှင့် အနာဂတ်နိုင်ငံတော်အတွက် အသက်၊သွေး၊ချွေးများစတေးကာ ပေးဆပ်ခဲ့ကြသော အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ် အောင်ဆန်းနှင့်တကွ ကျဆုံးခဲ့ကြလေသော အာဇာနည်ခေါင်းဆောင်ကြီးများအားလုံးကို အမျိုးသား ညီညွတ်ရေးအစိုးရ အဖွဲ့ဝင်များအားလုံးက စိတ်နှလုံးကြေကွဲစွာြဖင့် အလေးအမြတ်ဦးညွတ် ဂါရဝပြုအပ်ပါသည်။
ဗြိတိလျှကိုလိုနီလက်အောက်မှ တောင်တန်းမြေပြန့်မခွဲခြားဘဲ လွတ်လပ်ရေးအပြီးသတ် ရယူရန်နှင့် စစ်ပြီးခေတ်ကာလ နိုင်ငံတော်ပြည်လည်တည်ဆောက်ရေးကို ဦးဆောင်နေကြသည့် မြန်မာ့လွတ်လပ်ရေး ဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့် ဖဆပလ ကြားဖြတ်အစိုးရအဖွဲ့ တိုင်းရင်းသားခေါင်းဆောင် ဝန်ကြီးများအပါအဝင် ခေါင်းဆောင်ကြီး (၈) ဦးတို့သည် ၁၉၄၇ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်နေ့ (စနေနေ့) နံနက်ခင်း အတွင်းဝန်များရုံးခန်းတွင် အစည်းအဝေးထိုင် နေကြစဉ် အာဏာကို ဖြတ်လမ်းမှ ရယူလိုသူ ဂဠုန်ဦးစောနှင့် အပေါင်းအပါတစ်စုတို့၏ လုပ်ကြံသတ်ဖြတ် ခြင်းကြောင့် ကျဆုံးခဲ့ကြရပြီး တိုင်းပြည်အနာဂတ်သည်လည်း အမှောင်ဖုံးလွှမ်း ခဲ့ရလေသည်။ အာဇာနည်ခေါင်းဆောင်ကြီးများသည် ပြည်ထောင်စုမြန်မာနိုင်ငံတော်အား ကမ္ဘာ့အလယ်တွင် လွတ်လပ်၍ ဂုဏ်သိက္ခာရှိသော နိုင်ငံတစ်နိုင်ငံအဖြစ် မားမားမတ်မတ် ရပ်တည်နိုင်ရေးအတွက် အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်နေစဉ် ကျဆုံးခဲ့ရခြင်း ဖြစ်ပါသည်။ ဤလုပ်ကြံမှုသည် ပြည်ထောင်စုမြန်မာနိုင်ငံ၏ ကံကြမ္မာကို တစ်ဆစ်ချိုး ပြောင်းလဲစေခဲ့ပြီး ဒီမိုကရေစီ လမ်းကြောင်းမှ သွေဖည်ကာ အာဏာရှင်စနစ်၏ သံသရာထဲသို့ ဆွဲသွင်းခံခဲ့ရခြင်း၏ နိဒါန်းပင် ဖြစ်ခဲ့ပါသည်။
အာဇာနည်ခေါင်းဆောင်ကြီးများ၏ အဓိကမျှော်ရည်ချက်များဖြစ်သည့် တိုင်းရင်းသား အားလုံးပါဝင်ပြီး တောင်တန်းနှင့် မြေပြန့်မခွဲခြားဘဲ လွတ်လပ်ရေးရရှိရေး၊ အမျိုးသားတန်းတူရေး၊ လုံခြုံနွေးထွေးသောလွတ်လပ်မှု၊တရားမျှတမှုနှင့် ဖက်ဒရယ်ဒီမိုကရေစီစံနှုန်းများ အပြည့်အဝရရှိ သည့် ပြည်ထောင်စုမြန်မာနိုင်ငံတော်သစ်တစ်ရပ်ကို တည်ထောင်ရန်ပင် ဖြစ်ပါသည်။ အာဇာနည်ခေါင်းဆောင်ကြီးများ၏ ဤမွန်မြတ်သော အိပ်မက်သည် ယနေ့တိုင် အကောင်အထည် မပေါ်သေးဘဲ ကျွန်ုပ်တို့ နိုင်ငံသည် နှစ်ပေါင်း (၇၀) ကျော်ကာလများမှ ယခုထက်ထိ စစ်အာဏာရှင် စနစ်၏ ရက်စက်သော ဖိနှိပ်မှုအောက်တွင် ဆက်လက် နစ်မွန်းနေဆဲ ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ အာဇာနည်နေ့ရောက်တိုင်း ဂုဏ်ပြုအောက်မေ့ရုံသက်သက်ဖြင့် မပြီးဆုံးဘဲ အာဇာနည်ခေါင်းဆောင် ကြီးများ၏ အသက်ခန္ဓာ ပေးဆပ်မှုနှင့် ထိုက်တန်သော တန်းတူညီမျှပြီး လွတ်လပ်သည့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကြီးတစ်ရပ်ကို ကျွန်ုပ်တို့တိုင်းရင်းသား ပြည်သူတစ်ရပ်လုံး စုပေါင်းလက်တွဲ၍ ဝိုင်းဝန်းထူထောင်နိုင်မှသာ မှန်ကန်စွာ ဂုဏ်ပြုရာရောက်မည် ဖြစ်ပြီး သမိုင်းပေးတာဝန်ကျေမည်ဟု အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် ခိုင်မာစွာ ယုံကြည်ပါသည်။
ယခုနွေဦးတော်လှန်ရေးကာလထိ ခေတ်အဆက်ဆက် စစ်အာဏာရှင်စနစ်ကို တော်လှန်ရင်း အသက်၊သွေး၊ချွေးများ ပေးဆပ်သွားသည့် သူရဲကောင်းအာဇာနည်းများ၏ မွန်မြတ်သော ပေးဆပ် အနစ်နာခံမှုများသည် ကျွန်ုပ်တို့ မျိုးဆက်သစ်တို့အတွက် ထာဝရမော်ကွန်းအဖြစ် တည်ရှိနေမည် ဖြစ်ပါသည်။
ယခုလို (၇၈) နှစ်မြောက် အာဇာနည်နေ့တွင် အမျိုးသားခေါင်းဆောင်ကြီးများနှင့်တကွ ခေတ် အဆက်ဆက် မတရားမှုကို ဆန့်ကျင်တော်လှန်ခဲ့ကြသော၊ အများအကျိုးအတွက် စွန့်လွှတ် အနစ်နာ ခံခဲ့ကြသော အာဇာနည် တိုင်းရင်းသားပြည်သူလူထုအပေါင်းတို့အား အမျိုးသားညီညွတ်ရေးအစိုးရ မှ အလေးအမြတ် ဦးညွတ်ဂါရဝပြုအပ်ပါသည်။ ၎င်းတို့၏ စွန့်လွှတ်အနစ်နာခံမှုများကို အစဉ်အမြဲ အောက်မေ့လျက် ကျွန်ုပ်တို့၏ ရည်မှန်းချက်ပန်းတိုင်များ ပြည့်မြောက်အောင် ဆက်လက် ကြိုးပမ်းသွားမည်ဟု ကတိသစ္စာပြုရင်း ဤသဝဏ်လွှာအား ပေးပို့အပ်ပါသည်။
အမျိုးသားညီညွတ်ရေးအစိုးရ