(၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၁၂ ရက်)
ယနေ့ကျရောက်သော (၇၄)နှစ်မြောက် ကရင့်အာဇာနည်နေ့တွင် ကရင်အမျိုးသားခေါင်းဆောင်များ၊ ကရင်တိုင်းရင်းသားလူထုအပေါင်းနှင့် အကြမ်းဖက်စစ်အာဏာရှင်ကို မဟာမိတ်တိုင်းရင်းသား ပြည်သူလူထု နှင့် အတူလက်တွဲတွန်းလှန်တိုက်ခိုက်နေသော ကရင့်စစ်သည်တော်များအားလုံး ဘေးရန်ကင်းကွာပြီး စိတ်ချမ်းသာ ကိုယ်ကျန်းမာရှိကြပါစေကြောင်း ပဏာမ ဆုမွန်တောင်းပါသည်။
ကရင်အမျိုးသားထုတရပ်လုံး၏ခေါင်းဆောင် စောဘဦးကြီးနှင့် ဗိုလ်ချုပ် စောစိုင်းကေ တို့သည် ၁၉၅၀ ခုနှစ်၊ သြဂုတ်လ (၁၂) ရက်နေ့ တွင် ကော့ကရိတ်မြို့နယ်၊ ထိုကော်ကိုးကျေးရွာ၌ အကြမ်းဖက်စစ်အာဏာရှင်နှင့် အပေါင်းအပါများအား ရွပ်ရွပ်ချွံချွံ ခုခံတိုက်ခိုက်ရင်း ကျဆုံးခဲ့ရပါ သည်။ တန်းတူညီမျှရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့် အပြည့်အဝရရှိစေရေးအတွက် ပေးဆပ်သွားသော ကရင် အမျိုးသား သူရဲကောင်းများအား ဂုဏ်ပြုသည့်အနေဖြင့် ခေါင်းဆောင်ကြီး စောဘဦးကြီးတို့ အဖွဲ့ ကျဆုံးသွားသည့် သြဂုတ်လ (၁၂) ရက်နေ့ကို မေ့ပျောက်၍မရပါသော ကရင်အမျိုးသား အာဇာနည်နေ့အဖြစ် သတ်မှတ်၍ ကျင်းပလာခဲ့ကြရာ ယခု (၇၄) နှစ် ပြည့်မြောက်ခဲ့ပြီဖြစ်ပါသည်။
ဒီမိုကရေစီအရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်နှင့် ကရင့်ကံကြမ္မာ ကရင်ကိုယ်တိုင် ဖန်တီးခွင့်ရရှိရေး အတွက် နှစ်ပေါင်း (၇၀) ကျော် တိုက်ပွဲဝင်လာခဲ့ကြပြီး ကရင်အမျိုးသားခေါင်းဆောင် စောဘဦးကြီး အပါအဝင် စစ်အာဏာရှင်တော်လှန်ရေး တိုက်ပွဲများအတွင်း ကျဆုံးသွားခဲ့ရသော ကရင်ပြည်သူလူထုနဲ့ ကရင်ရဲဘော်သူရဲကောင်း အာဇာနည်များ၏တန်ဖိုးကို အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် ယနေ့အချိန် ကာလရောက်သည်ထိ အောက်မေ့ဖွယ်အဖြစ် အစဉ်အမြဲ ဂါရဝပြုပါသည်။
ကရင်အာဇာနည်ခေါင်းဆောင်ကြီးများ မျှော်ရည်သော စံတန်ဖိုးများဖြစ်သည့် ကိုယ်ပိုင်ပြဌာန်းခွင့် ရရှိရေး၊ စစ်အာဏာရှင်အမြစ်ပြတ်ရေး၊ အမျိုးသားတန်းတူရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံသစ်ကြီး ပေါ်ပေါက်ရေးအတွက် နိုင်ငံတဝှမ်းရှိ တိုင်းရင်းသားပြည်သူလူထုတရပ်လုံးနဲ့ ပူးပေါင်းကာ ဟန်ချက်ညီညာစွာ စုပေါင်း တော်လှန်ရမည့် ကာလဖြစ်ပါသည်။ အမျိုးသားညီညွတ်ရေးအစိုးရ အနေဖြင့် ကရင်ဒေသအပါအဝင် မြန်မာတနိုင်ငံလုံး စစ်အာဏာရှင်လက်အောက်မှ လွတ်မြောက်ရေး၊ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ် တည်ဆောက်ရေးတို့အတွက် ကရင်တိုင်းရင်းသားမဟာမိတ်နှင့် လက်တွဲညီညာစွာ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း အလေးအနက်ကတိပြု၍ (၇၄)နှစ် ပြည့်မြောက်သော ကရင့်အာဇာနည်နေ့ အထိမ်းအမှတ် သဝဏ်လွှာအား ပေးပို့အပ်ပါသည်။
အမျိုးသားညီညွတ်ရေးအစိုးရ