၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၇ ရက်
ယနေ့ကျရောက်သည့် (၆၂) နှစ်မြောက် ဆဲဗင်းဂျူလိုင် ကျောင်းသားအရေးတော်ပုံနေ့တွင် ခေတ် အဆက်ဆက် စစ်အာဏာရှင်တော်လှန်ရေးအတွက် အသက်၊ သွေး၊ ချွေး စတေး ပေးဆပ်ခဲ့ကြသည့် ကျောင်းသားလူငယ်များကို အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် အလေးအမြတ်ပြု ဦးညွှတ် အပ်ပါသည်။
၁၉၆၂ ခုနှစ်၊ မတ်လ (၂) ရက်နေ့မှစ၍ အကြမ်းဖက်စစ်ခေါင်းဆောင်အာဏာရှင်နေဝင်း ဦးဆောင် သော စစ်အုပ်စုက လူထုရွေးကောက်တင်မြှောက်ထားသော အစိုးရအား လက်နက်အားကိုးဖြင့် ဖြုတ်ချခြင်း၊ တက္ကသိုလ်အက်ဥပဒေကို ဖျက်သိမ်း၍ ကျောင်းသားများကို ဖိနှိပ်ချုပ်ချယ်ခြင်း၊ ရန်ကုန်တက္ကသိုလ်နယ်မြေ အတွင်း သန္ဓေတည်ခဲ့သည့် ကျောင်းသားသမဂ္ဂ အဆောက်အဦးအား ဗုံးခွဲ ဖြိုချ ဖျက်ဆီးခြင်းများကို ရက်ရက်စက်စက် ကျူးလွန် လုပ်ဆောင်ခဲ့ကြပါသည်။ လွတ်လပ်ခြင်း၊ တန်းတူညီမျှခြင်း၊ တရားမျှတခြင်းနှင့် ဓမ္မတရားတို့အတွက် အစဉ်အမြဲအသင့်ရှိကာ အနိုင်ကျင့် ဖိနှိပ်မှုများကို ရဲရဲဝံ့ဝံ့ တော်လှန်ခဲ့ကြသည့် ကျောင်းသားလူငယ်များ၏ အခန်းကဏ္ဍအား မှေးမှိန်စေရန် ခေတ်အဆက်ဆက် စစ်အာဏာရှင်များက လုပ်ဆောင်ခဲ့ကြသော်လည်း “သမဂ္ဂအဆောက်အဦးကိုသာ ဖြိုလို့ရမယ်။ အမောင်တို့ရင်ထဲက သမဂ္ဂစိတ်ဓာတ်ကိုတော့ ဘယ်သူမှ ဖြိုလို့မရပါဘူး” ဟူသည့် သခင်ကိုယ်တော်မှိုင်းပြောကြားခဲ့သော စကားအတိုင်း ကျောင်းသားလူငယ်တို့၏ သမဂ္ဂစိတ်ဓါတ်သည် ယနေ့တိုင် သမိုင်းတွင်ရှင်သန်ဆဲ ဖြစ်ပါသည်။
ယခု ၂၀၂၁ ခုနှစ် ပြည်သူ့နွေဦးတော်လှန်ရေးတွင်လည်း မင်းအောင်လှိုင်ဦးဆောင်သော အကြမ်း ဖက်စစ်အုပ်စုသည် လူထုရွေးကောက်တင်မြှောက်ထားသော အစိုးရထံမှ အတင်းအဓမ္မ အာဏာလုယူရန်ကြိုးစားကာ ကျောင်းသား/သူများ၊ ရဟန်းရှင်လူများနှင့် တိုင်းရင်းသားလူမျိုးများ အားလုံးကို လက်နက်အားကိုးဖြင့် ခြိမ်းခြောက် ဖမ်းဆီး သတ်ဖြတ်ကာ အသက်အိုးအိမ် စည်းစိမ်များကိုလည်း မီးရှို့ ဖျက်ဆီးနေသည့် သမိုင်းတလျှောက် အရက်စက်ဆုံးသော ဖက်ဆစ်သရုပ်ကို ဖော်ညွှန်းနေသည့်ကာလတွင်လည်း ကျောင်းသားလူငယ်ထုသည် သမဂ္ဂစိတ်ဓါတ်ဖြင့် အချိန်မဆိုင်းပဲ ပြည်သူလူထုနှင့်အတူ ရှေ့တန်းမှ ရုန်းကုန်တော်လှန်ခဲ့ကြပေသည်။ ထိုကဲ့သို့ မျိုးဆက်သစ် ကျောင်းသား လူငယ်များ၏ စုစည်းညီညွတ်မှု၊ တီထွင်ဆန်းသစ်နိုင်မှုတို့အပြင် တိုင်းရင်းသား မဟာမိတ် တော်လှန်ရေး အင်အားစုတို့နှင့် ဟန်ချက်ညီညီ ပူးပေါင်းဆောင်ရွက်နိုင်မှုတို့ကြောင့် ရက်စက်ကြမ်းကြုတ်သည့် ဖက်ဆစ်ဝါဒ ပြန်လည်အသက်သွင်း နေသော စစ်အုပ်စုယန္တရား တဖြည်းဖြည်း ယိုယွင်း ပျက်စီးလာနေပြီ ဖြစ်ပါသည်။
အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့်လည်း ခေတ်အဆက်ဆက် စစ်အာဏာရှင်စနစ် တိုက်ဖျက် ရေးတွင် ကျဆုံးသွားခဲ့ကြသော ကျောင်းသားလူငယ်များ၏ စွန့်လွှတ် အနစ်နာခံမှုများကို အောက်မေ့ သတိရလျက် လက်ရှိဆင်နွှဲနေသည့် ပြည်သူ့နွေဦးတော်လှန်ရေးကြီး အမြန်ဆုံး အောင်မြင်ပြီးမြောက်စေရန် နိုင်ငံတဝန်းရှိ မဟာမိတ် တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့များနှင့် ယခင်ကထက် ပိုမို ရင်းနှီး ပွင့်လင်းစွာ ပူးပေါင်းဆောင်ရွက်လျက်ရှိသလို အောင်ပွဲဆွတ်ခူးနိုင်ရန် ဆက်လက်၍ အစွမ်းကုန် ကြိုးပမ်း ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း သန္နိဋ္ဌာန်ပြုရင်း ဤ သဝဏ်လွှာအား ပေးပို့အပ်ပါသည်။
အမျိုးသားညီညွတ်ရေးအစိုးရ