အမျိုးသားညီညွတ်ရေးအစိုးရက (၄၉)နှစ်မြောက် ကချင်အာဇာနည်နေ့သို့ ပေးပို့သည့်သဝဏ်လွှာ

(၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၁၀ ရက်)
ယနေ့ကျရောက်သည့် (၄၉)နှစ်မြောက် ကချင်အာဇာနည်နေ့အခါသမယတွင် ကချင်တိုင်းရင်း သားခေါင်းဆောင်ကြီးများနှင့် ကချင်အမျိုးသားများအားလုံး ကိုယ်၊ စိတ် နှစ်ပါး ဘေးကင်းလုံခြုံမှုရှိကြ ပါစေကြောင်းနှင့် လွတ်လပ်ပြီး ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ပြည့်ဝသော ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံသစ် ထူထောင်နိုင်ရေး ပန်းတိုင်သို့ တိုင်းရင်းသားအားလုံးနှင့် အတူတကွ လျှောက်လှမ်းနိုင်ပါစေကြောင်း ဦးစွာ ဆန္ဒပြုအပ်ပါသည်။
အာဏာရှင်စနစ်ဆန့်ကျင်ရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီစနစ် ထူထောင်ရေး တို့အတွက် ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ၊ကချင်လွတ်လပ်ရေးတပ်မတော်(KIA) တို့ကို စတင်တည်ထောင်ကာ ဦးဆောင်ခဲ့ကြသည့် ကချင်အမျိုးသားခေါင်းဆောင်များ ဖြစ်ကြသော KIO/ KIA ဥက္ကဋ္ဌ စစ်ဦးစီးချုပ် ဗိုလ်ချုပ် (GOC – Lahtaw Zau Seng) ၊ ဒုတိယ စစ်ဦးစီးချုပ် (VCS – Lahtaw Zau Tu) နှင့် အထွေထွေအတွင်းရေးမှူး (Salang Kaba Pungshwi Zau Seng) တို့သည် ၁၉၇၅ သြဂုတ်လ အစောပိုင်းရက်များတွင် စနစ်တကျ လုပ်ကြံသတ်ဖြတ်ခံရပြီး ကျဆုံးခဲ့ကြရသည်။ KIO/ KIA ဥက္ကဋ္ဌ စစ်ဦးစီးချုပ် ဗိုလ်ချုပ် (GOC – Lahtaw Zau Seng)လုပ်ကြံခံရသောနေ့ သြဂုတ်လ(၁၀)ရက်နေ့ကို ဝမ်းနည်းဖွယ်အထိမ်းအမှတ် ကချင်အာဇာနည်နေ့ အဖြစ် သတ်မှတ်ကာ နှစ်စဉ်ကျင်းပပြုလုပ်ခဲ့ပါသည်။
ဤသို့ဝမ်းနည်းဖွယ်ရာဖြစ်ရပ်ကြီး တွေ့ကြုံခဲ့ရသော်လည်း ကချင်အမျိုးသားများ လက်ဆင့်ကမ်း ကာ သယ်ဆောင်ခဲ့သည့် ကချင်တော်လှန်ရေးသည် ယခု(၄၉)နှစ်တိုင်တိုင် ကချင်တော်လှန်ရေးတပ်ဦး ဖြစ်သည့် KIO/KIAကို ညီညီညွတ်ညွတ်ဖြင့် စုစည်း၍ ဆက်လက်ချီတက် နိုင်ခဲ့ကြသည်ကိုလည်း အမျိုးသားညီညွတ်ရေးအစိုးရက ဂုဏ်ယူလေးစားမိပါသည်။
၂၀၂၄ ခုနှစ် သြဂုတ်လ (၁၀) ရက်နေ့တွင် ကျရောက် သည့် (၄၉) နှစ်မြောက် ကချင်အာဇာနည်နေ့တွင် အမျိုးသားညီညွတ်ရေးအစိုးရသည် ကချင်တိုင်းရင်းသားပြည်သူများနှင့် အတူဝမ်းနည်းကြေကွဲရပြီး ကချင်လူမျိုးများ၏လွတ်လပ်ခွင့်၊တန်းတူညီမျှခွင့်နှင့် ကိုယ်ပြဋ္ဌာန်းခွင့်တို့အတွက် နွေဦးတော်လှန်ရေး အပါအဝင် စစ်အာဏာရှင်တော်လှန်ရေး တိုက်ပွဲများတွင် အသက်သွေးချွေးများစွာ စတေးပေးဆပ် ခဲ့ကြသည့်ကချင်အမျိုးသားခေါင်းဆောင်ကြီးများ၊ကချင်ပြည်သူလူထုအပါအဝင် KIO/KIAရဲဘော်ရဲဘက် များ၏ စွန့်လွတ်အနစ်နာခံမှု၊ သစ္စာစောင့်သိမှုတို့ကို လေးစားဖွယ် အောက်မေ့ သတိတရဖြစ်မိပါသည်။
ကချင်ဒေသအပါအဝင် မြန်မာနိုင်ငံတစ်ခုလုံး အကြမ်းဖက်စစ်အုပ်စု၏ လက်အောက်မှ အမြန်ဆုံး လွတ်မြောက်နိုင်ရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီစံနှုန်းများနှင့် ပြည့်ဝသည့် နိုင်ငံသစ်တစ်ခုကို အမြန်ဆုံး ထူထောင်နိုင်ရေးအတွက် အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် မဟာမိတ်ကချင်တိုင်းရင်းသား တော်လှန်ရေးတပ်ဖွဲ့နှင့် နီးကပ်စွာ ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ကတိပြုရင်း ဤအောက်မေ့ဖွယ် သဝဏ်လွှာအား ပေးပို့အပ်ပါသည်။
အမျိုးသားညီညွတ်ရေးအစိုးရ
Scroll to Top