(၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၈ ရက်)
ယနေ့သည် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီအမည်ခံ တစ်ပါတီအာဏာရှင်စနစ်ကို အလိုမရှိ တော့ဘဲ ပြတ်သားစွာ ငြင်းဆို၍ “ဒီမိုကရေစီရရှိရေး ဒို့အရေး” ဟု ဉဒါန်းရင့် ကြွေးကြော်ပြီး ရဟန်း သံဃာများ၊ ဘာသာရေးခေါင်းဆောင်များ၊ ကျောင်းသားလူငယ်များ၊ တတ်သိပညာရှင်များ၊ အလုပ် သမား၊ လယ်သမားများနှင့် နိုင်ငံတဝှမ်းလုံးရှိ တိုင်းရင်းသားလူမျိုးစုများအားလုံး လှည်းနေ၊ လှေ အောင်း မြင်းဇောင်းမကျန် စုစည်းညီညာစွာ တော်လှန်ခဲ့ကြသည့် သမိုင်းဝင် (၈.၈.၈၈) ရှစ်လေးလုံး လူထုအရေးတော်ပုံကြီး၏ (၃၇) နှစ်မြောက် နှစ်ပတ်လည်နေ့ဖြစ်ပါသည်။ (၈.၈.၈၈) ရှစ်လေးလုံး လူထုအရေးတော်ပုံကြီးသည် ရဟန်း၊ ရှင်၊ လူ၊ ကျောင်းသား၊ ပြည်သူတို့၏ အသက်ပေါင်းများစွာ စတေးခဲ့ရပြီး စစ်အာဏာရှင်တို့၏ ရက်စက်စွာ ပစ်ခတ်၊ ဖမ်းဆီး၊ ညှင်းပမ်းနှိပ်စက်၊ ထောင်ချမှု ပေါင်းများစွာကို အံတု၍ လူထုတရပ်လုံး စုစည်းညီညာစွာ အာဏာရှင်စနစ်ကို ရဲရဲဝံ့ဝံ့ ခုခံတွန်းလှန် ခဲ့သည့် ဖြစ်စဉ်ကြီး ဖြစ်ခဲ့သလို ဒီမိုကရေစီရေးအတွက် အတူတကွ လက်တွဲ တောင်းဆို တိုက်ပွဲဝင် ခဲ့ကြသည့် ကြီးမြတ်သော ဒီမိုကရေစီ လှုပ်ရှားမှုသမိုင်း စာမျက်နှာအဖွင့်လည်း ဖြစ်ပေသည်။
(၈.၈.၈၈) ရှစ်လေးလုံး လူထုအရေးတော်ပုံကြီးသည် မြန်မာနိုင်ငံအား ပြည်သူလူထု တရပ်လုံး လိုချင်သည့် ဒီမိုကရေစီပန်းတိုင်သို့ ရောက်ရှိရေးလမ်းတွင် မယိမ်းမယိုင် ခြေကုပ်မြဲမြံစွာ အုပ်မြစ်ချနိုင်ခဲ့သည့် အရေးတော်ပုံကြီးဖြစ်သည်။ သမိုင်းတလျှောက် ပြန်ကြည့်ရမည်ဆိုပါက တစ်ပါတီအာဏာရှင်စနစ်နှင့် စစ်အာဏာရှင်စနစ်များကို ဆန့်ကျင်လှုပ်ရှားမှုများဖြစ်သည့် (၁၉၆၂) ခုနှစ် ဆဲဗင်းဇူလိုင်ကျောင်းသားအရေးတော်ပုံ၊ (၁၉၇၄) ခုနှစ် ဦးသန့်အရေးအခင်း၊ (၁၉၇၅) ခုနှစ် အလုပ်သမားနှစ်ပတ်လည် အရေးအခင်း၊ (၁၉၇၆) ခုနှစ် မှိုင်းရာပြည့်အရေးအခင်း များနှင့် ဒီမိုကရေစီ ရရှိရေးအတွက် တောင်းဆိုတိုက်ပွဲဝင်ခဲ့ကြသည့် (၁၉၈၈) ခုနှစ် ရှစ်လေးလုံး အရေးတော်ပုံ၊ (၁၉၉၆) ခုနှစ် ဒီဇင်ဘာ ကျောင်းသားလှုပ်ရှားမှု (လှည်းတန်းအရေးအခင်း)၊ ၂၀၀၇ ခုနှစ် ရွှေဝါရောင်တော်လှန်ရေး စသည့် လူထုတိုက်ပွဲပေါင်းများစွာဖြင့် စစ်အာဏာရှင်နှင့် မည်သို့ သော အာဏာရှင်စနစ်မှန်သမျှကို လက်မခံပဲ ဒီမိုကရေစီနှင့် စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စု ကြီးပေါ်ပေါက်ရေးအတွက် အစဉ်တစိုက် တောင်းဆိုတိုက်ပွဲဝင်ခဲ့ကြရာ ယခုလက်ရှိ နွေဦးတော်လှန် ရေးကာလထိ ရောက်ရှိလို့ လာခဲ့ပြီဖြစ်ပါသည်။
တစ်ပါတီအာဏာရှင်စနစ်နှင့် စစ်အာဏာရှင်အဆက်ဆက်သည် ယနေ့ထက်ထိ မြန်မာ ပြည်သူလူထုအား ဘက်ပေါင်းစုံမှ ဖိစီးနှိပ်စက်သည့်အပြင် မြန်မာပြည်ကိုလည်း ကမ္ဘာ့အလယ်တွင် ဆင်းရဲနုံချာသော တိုင်းပြည်တစ်ခုအဖြစ်ကိုလည်း ကျရောက်စေခဲ့ပါသည်။ ၂၀၁၅ ခုနှစ် အရပ်သား အစိုးရ တက်လာပြီး တိုင်းပြည်အားစစ်မှန်သော ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ ရောက်ရှိစေရန်နှင့် အမျိုးသား ရင်ကြားစေ့ရေးအတွက် အားလုံးဝိုင်းဝန်းကြိုးပမ်းနေစဉ် (၂၀၂၁) ခုနှစ် ဖေဖေါ်ဝါရီလ၌ အဆင်အခြင်ကင်းမဲ့သော စစ်အာဏာရှင်နှင့်အပေါင်းအပါတစ်စု၏ တကြော့ပြန် စစ်တပ်အာဏာ သိမ်းရန်ကြိုးစားမှုကို ခုခံတွန်းလှန်ပြီး တိုက်ပွဲဝင်လာကြရာ လက်ရှိ နွေဦးတော်လှန်ရေး၏လေးနှစ် ကျော်ကာလ သို့ ရောက်ရှိ လာခဲ့ပြီဖြစ်ပါသည်။
ယခုနွေဦးတော်လှန်ရေးဆင်နွဲနေသည့် မြန်မာပြည်သူလူထုသည် (၈.၈.၈၈) ရှစ်လေးလုံး လူထုအရေးတော်ပုံကြီးနှင့် တော်လှန်တိုက်ပွဲပေါင်းများစွာက ထုဆစ်ပေးလိုက်သော ဒီမိုကရေစီ အပေါ်ယုံကြည်မှု၊ ဆိုးရွားလွန်းသော စစ်ရာဇဝတ်မှုနှင့် ရက်စက်သောရာဇဝတ်မှုများကို ဆယ်စုနှစ် ပေါင်းများစွာသာမက ယခုလက်ရှိအချိန်ထိ အကြိမ်ကြိမ်ကျူးလွန်နေဆဲ ဖြစ်သူတို့ကို အပြစ်ပေး အရေးယူနိုင်ရေးတို့နှင့်အတူ စစ်အာဏာရှင်စနစ်ကို မြန်မာ့မြေပေါ်မှ အမြစ်ပြတ် မောင်းထုတ်မည် ဟူသော စိတ်ပိုင်းဖြတ်မှုဖြင့် သမိုင်းတလျှောက် အကြီးကျယ်ဆုံးသော စစ်အာဏာရှင်ဆန့်ကျင်ရေး တော်လှန်ရေးကြီးကို မဆုတ်မနစ်ဆင်နွှဲနေပြီး အရေးကြီးသော ကာလတခုကိုလည်း ရောက်ရှိနေပြီ ဖြစ်သည်။
ယနေ့နွေဦးတော်လှန်ရေးသည် ပြည်သူလူထု၏ ထိန်းကျောင်းမှုနှင့်အတူ အမျိုးသားညီညွတ် ရေးအစိုးရသည် နိုင်ငံရေးစစ်မျက်နှာ၊ စစ်ရေးစစ်မျက်နှာ၊ ဘဏ္ဍာရေးစစ်မျက်နှာ၊ နိုင်ငံခြားရေးစစ် မျက်နှာ၊ လူထုလှုပ်ရှားမှုစစ်မျက်နှာ၊ စိတ်ဓါတ်စစ်ဆင်ရေးစစ်မျက်နှာ စသည့်စစ်မျက်နှာပေါင်းစုံဖြင့် စစ်အာဏာရှင်စနစ်ကို အမြတ်ပြတ်စေရန် လုပ်ဆောင်နေသည့်ကာလ ဖြစ်ပါသည်။ ယခုနွေဦးတော် လှန်ရေးသည် မဟာမိတ် တိုင်းရင်းသားတော်လှန်ရေး တပ်ဖွဲ့ဝင်များအားလုံး စုပေါင်းညီညွတ်စွာဖြင့် ပြည်သူလူထု၏ မျက်နှာတစ်ခုတည်းကိုသာကြည့်ပြီး အဆုံးသတ်တိုက်ပွဲဖြစ်သည့် စစ်အာဏာရှင် စနစ်နှင့် အသွင်အမျိုးမျိူး ပြောင်းလဲနေသည့် အာဏာရှင်စနစ်များကို အပြီးတိုင်ဖယ်ရှား ချုပ်ငြိမ်း စေအောင် ကျောချင်းကပ်ပြီး ဆောင်ရွက်ရမည့် ကာလလည်း ဖြစ်ပါသည်။ မိမိတို့ဒေသတစ်ခုချင်း စီလွတ်မြောက်ရေးနှင့်အတူ ပြည်ထောင်စုတခုလုံး လွတ်မြောက်ရေးကို အားသွန်ခွန်စိုက် ရှေးရှု၍ လွန်ခဲ့သော ၃၇ နှစ်ခန့်က ရှစ်လေးလုံးလူထုအရေးတော်ပုံကြီး၏ စိတ်ဝိညာဉ် ပူးကပ်ပြီး အတူတကွ စုပေါင်းဆောင်ရွက်ရမည့် သမိုင်းဝင်ကာလမျိုး ဖြစ်လာပြီဖြစ်ပါသည်။
ခေတ်အဆက်ဆက် တော်လှန်ရေးများမှ ယခု နွေဦးတော်လှန်ရေးကာလထိ လမ်းမများ ပေါ်တွင်လည်းကောင်း၊ အကျဉ်းထောင် ရဲဘက်စခန်းများတွင်လည်းကောင်း၊ တောတွင်း နယ်စပ် ဒေသများတွင်လည်းကောင်း ကျဆုံးစွန့်လွှတ်ခဲ့ကြသော အသက်၊ သွေး၊ ချွေး ပေါင်းများစွာ ပေးဆပ် စတေးခဲ့သော ဒီမိုကရေစီသူရဲကောင်း အပေါင်းတို့၏ မြင့်မြတ်သည့် ရည်ရွယ်ချက်များကို အကောင်အထည်ဖော်ရန်မှာ ကျန်ရစ်သူ ကျွန်ုပ်တို့၏ တာဝန်ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေး အစိုးရက လေးနက်စွာ ခံယူထားပါသည်။ စစ်အာဏာရှင်စနစ်၏ အငွေ့အသက်၊ အကြွင်းအကျန် အလျဉ်းကင်းစင်ပြီး စစ်မှန်သည့် အမျိုးသားတန်းတူရေးရရှိသော ဖက်ဒရယ်ဒီမိုကရေစီစနစ်သစ် ဖြင့် အစားထိုး ပြောင်းလဲနိုင်ရေး ရည်မှန်းချက် ပန်းတိုင်ဆီသို့ လက်တွဲညီညီ အတူချီတက် တည်ဆောက်ကြပါစို့လို့ တိုက်တွန်းရင်း (၃၇) နှစ်မြောက် (၈.၈.၈၈) ရှစ်လေးလုံး လူထုအရေးတော်ပုံ အထိမ်းအမှတ်နေ့သို့ ဤသဝဏ်လွှာအား ပေးပို့အပ်ပါသည်။
အမျိုးသားညီညွတ်ရေးအစိုးရ